HanThuYa
1 min readSep 12, 2020

--

သတ်မှတ်ချက်များအားလွန်၍

shutter stock

ဟိုတစ်‌လောက Ship of Theseus အ‌ကြောင်း အတန်းမှာ‌ဆွေး‌နွေးရတယ်။ အဲ့အကြောင်းဖတ်ဖူးတာတော့ကြာပြီ ဆရာဖေမြင့်ရဲ့ဘာသာပြန်ထဲမှာလားမသိဘူး။

Ship of Theseus ဆိုတာ Thought experiment တစ်ခု။ အကျမ်းဖြင်းပြောရရင်တော့ Theseus ဘုရင်ကြီးရဲ့ သင်္ဘောကို သမိုင်း၀င်အမှတ်တရအနေနဲ့ ဆက်လက်ထိန်းသိမ်းထားမယ်ပေါ့။ နောင်နှစ်ပေါင်းတော်တော်ကြာလာတဲ့အခါမှာ သင်္ဘောကယိုယွင်းလာမှာပဲ။ ဆက်ပြီးထိန်းသိမ်းဖို့အတွက် ပြုပြင်မွမ်းမံဖို့လိုလာပြီ။ အဲ့တော့အစိတ်အပိုင်းအ‌ဟောင်းတွေကို အသစ်တွေနဲ့ အစားထိုးတယ်ပေါ့။ အဲ့လို ဖြည်းဖြည်းချင်းအစားထိုးပြီး ထိန်းသိမ်းလာရင်းနဲ့ သင်္ဘောကို ၇၅ ရာခိုင်နှုန်း လောက်အစားထိုးပြီးတဲ့အခါမှာ အဲ့သင်္ဘောကို နဂိုမူလဘုရင်ကြီးရဲ့ သင်္ဘောလို့ ခေါ်လို့ရပါဦးမလား။

ရတယ်ဆိုရင် နောက်တစ်မျိုးစဉ်းစားကြည့်ရအောင်။ သင်္ဘောကိုအစိတ်အပိုင်းအသစ်တွေနဲ့အစားထိုးနေတဲ့ ကာလတစ်လျှောက် အစိတ်အပိုင်းဟောင်းတွေကို ဂိုထောင်တစ်ခုမှာ စုထားမယ်။ နှစ်ကာလတွေကြာလာတဲ့အခါမှာ လိုအပ်ချက်အရ အစားထိုးရင်း ထိုးရင်းနဲ့ နောက်ဆုံး ၁၀၀ ရာခိုင်နှုန်းထိ ဖြစ်သွားတယ်ပေါ့။ အဲ့မှာအစားထိုးခံရတဲ့ အစိတ်အပိုင်းအဟောင်းတွေနဲ့ နဂိုမူလသင်္ဘောနဲ့ ချွတ်စွတ်တူတဲ့သင်္ဘောတစ်ခုကိုဆောက်လိုက်မယ်။ အဲ့အခါမှာဘယ်သင်္ဘောကို Theseus ရဲ့သင်္ဘောလို့ခေါ်ဦးမလဲပေါ့။
ဒီ မေးခွန်းတွေကတော့ Identity နဲ့ဆက်စပ်တာပေါ့။ ကျွန်တော်တို့ အရာ၀တ္ထုတစ်ခုကို အတိတ်ကဟာလို့လက်ခံလိုက်ရင် ဘာကိုကြည့်ပြီးတော့လက်ခံတာလဲ အရာ၀တ္ထုတစ်ခုကို ဘာစံနှုန်းနဲ့သတ်မှတ်တာလဲ စသဖြင့်ပေါ့။

ဒီမှာအဓိကပြောချင်တာကတော့ သင်္ဘောပြဿနာမဟုတ်ပဲ ကျွန်တော်တို့ဘ၀ထဲမှာရှိနိုင်တဲ့ ပြဿနာ။ လူတွေရဲ့ ခန္ဓာကိုယ် ဆဲလ် တွေဟာ ၇ နှစ်ကနေ ၁၀ နှစ်အတွင်း ဆဲလ်အသစ်တွေနဲ့အစားထိုးသွားတယ်တဲ့။ ကျွန်တော်တို့ရဲ့ အတွေးတွေဆိုရင်လဲ တစ်ချိန်လုံးပြောင်းလဲနေတာပဲ။ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတတ်တာ။ အဲ့တော့လွန်ခဲ့တဲ့ ၁၀ နှစ်ကကျွန်တော်နဲ့ အခုကျွန်တော်ဆို ဘာတူတာရှိသေးလဲ။ စဉ်းစားကြည့်တော့ မတူတာတွေကခက်များများ။ ကာတွန်းကားကြိုက်တာတစ်ခုတော့ တူသေးတယ်ပြောရမယ်။ အဲ့တော့ ၇၅ ရာခိုင်နှုန်းလောက် မတူတော့ဘူးပဲပြောကြတာပေါ့။ အဲ့မှာပြောချင်တာက ကိုယ်ကတစ်ခြားလူတစ်ယောက်ကို ဒါမှမဟုတ် တစ်ခြားလူကကိုယ့်ကို ဘယ်လိုမြင်လဲဆိုတာပဲ။ ကျွန်တော်တို့အကျင့်စရိုက်တွေကို ၇၅ ရာခိုင်နှုန်း လောက်ပြောင်းလဲလိုက်‌ရင်ကော လူတွေကအရင်အတိုင်းမြင်ဦးမှာလား။ လူတွေအများစု (ကျွန်တော်အပါအ၀င်) လုပ်နေကျအရာတစ်ခုရှိတယ်။ လူတစ်ယောက်ရဲ့ အတိတ်ကိုကြည့်ပြီး label တပ်တာ။ ဒီလိုလူတစ်ယောက်ကိုသူ့ရဲ့အတိတ်ကိုကြည့်ပြီး ဒီလူဘယ်လိုလူလဲဆိုတာဆုံးဖြတ်ချက်ချတာက ကျွန်‌တော်တို့ကို ပြောင်းလဲမှုလုပ်ဖို့ခက်ခဲစေတယ်။ ဒီမှာကိုယ့်ကိုကိုဘယ်လိုသတ်မှတ်ထားလဲဆိုတာလဲ အရေးကြီးတယ်။ ကျွန်တော်ဆို အရင်ကနှစ်သက်ခဲ့တာတွေ မနှစ်သက်ခဲ့တာတွေနဲ့ ကိုယ့်ကိုကိုသတ်မှတ်ချက်တွေထုတ်ပြီး ဘောင်‌ခတ်မှန်းမသိ ဘောင်ခတ်မိနေတုံးပဲ။ Personality နဲ့ပက်သတ်ရင်လဲငါက introvert ဒါမှမဟုတ် extrovert အဲ့လိုသတ်မှတ်ပြီးတော့ တောက်လျှောက်အဲ့အစွဲကြီးနဲ့နေသွားမိတတ်တယ်။ Career နဲ့ပက်သက်ရင်လဲ အတိတ်က သတ်မှတ်ချက်တွေကိုယုံပြီး ဟိုဟာကငါနဲ့မကိုက်ဘူး ဒီဟာကငါနဲ့ကိုက်တယ် ငါဒါလုပ်လဲမဖြစ်ပါဘူး အဲ့လိုနဲ့ ကိုယ့်ရဲ့ potential ကို limit လုပ်မိပြန်ကော။

ငယ်ငယ်ကဆိုးခဲ့သမျှ မှားခဲ့သမျှတွေကိုလဲ တစ်ခါတစ်လေ တွေးပြီးတော့ရှက်နေတုံးပဲ။ ကျွန်တော့်ရဲ့ အတိတ်နဲ့ လက်ရှိအခြေအနေကိုဆက်စပ်ပုံက လွဲနေတာကို။ လူ့အသိုင်းအဝိုင်းမှာ သတ်မှတ်ချက်တွေကတော့ ရှိနေဦးမှာပဲ။ အလုပ်လျှောက်ရင်တောင် ကိုယ့်မှာပြစ်မှုမှတ်တမ်းတွေရှိနေရင် အလုပ်ရဖို့ခက်ခဲမှာပဲ။ အဲ့ဒါတွေနဲ့ ကင်းပြီးတော့လဲနေလို့မှမရတာ။ လူကောင်း လူဆိုး ခွဲရင်လဲ အများအားဖြင့် အတိတ်ကမှတ်တမ်းကိုကြည့်ပြီးခွဲရတာပဲ။ အရေးကြီးတာက ပုံသေမသတ်မှတ်လိုက်ဖို့ပဲ။ ကျွန်တော်တို့ အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ တစ်ခြားလူ‌‌တွေ အ‌ကောင်းဖက်ကိုပြောင်းလဲဖို့ကြိုးစား‌နေရင် အားပေးရမယ်။ သူတို့ကိုအခွင့်အရေးပေးရမယ်။ ကိုယ့်မှာလဲအခွင့်အရေးရှိတယ်လို့လက်ခံနိုင်ရမယ်။ ဆန်းစစ်မှုအမြဲလုပ်ပြီး‌‌ ပြောင်းလဲသင့်ရင်အချိန်မဆိုင်းပဲပြောင်းလဲနိုင်ရမယ်။ အတိတ်ကိုသင်ခန်းစာယူဖို့အတွက်ပဲထားပြီး တတ်နိုင်သမျှ လူသစ်စိတ်သစ်နဲ့နေသင့်တယ်လို့ ထင်မိပါကြောင်း…..

--

--